မဲခေါင်ဒေသတွင်းရှိ စိုက်ပျိုးမြေဆီလွှာ၏ အရည်အသွေးနှင့် အာဟာရဓာတ်ပါဝင်မှုအား ဆန်းစစ်လေ့လာခြင်းစီမံကိန်း မိတ်ဆက်အခမ်းအနား ကျင်းပခြင်း
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဇီဝနည်းပညာသုတေသနဦးစီးဌာန၊ အပင် နှင့် စိုက်ပျိုးရေးဆိုင်ရာဇီဝနည်းပညာသုတေသန ဌာနသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၅) အထောက်အပံ့ဖြင့် “မဲခေါင်ဒေသတွင်းရှိ စိုက်ပျိုးမြေဆီလွှာ၏ အရည်အသွေးနှင့်အာဟာရဓာတ်ပါဝင်မှုအား ဆန်းစစ်လေ့လာခြင်း” စီမံကိန်း မိတ်ဆက်အခမ်အနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ရွှေနန်းတော်ဟိုတယ်၌ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် တက်ရောက် အဖွင့်မိန့်ခွန်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စ မာကျား(H.E. Ms. Ma Jia) က အမှာစကားပြောကြားခဲ့ပါသည်။ ယင်းနောက် မဲခေါင်ဒေသတွင်းရှိ စိုက်ပျိုးမြေဆီလွှာ၏ အရည်အသွေးနှင့် အာဟာရဓာတ်ပါဝင်မှုအား ဆန်းစစ်လေ့လာခြင်း စီမံကိန်းဆိုင်ရာများကို လည်းကောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဟိုင်နမ်ဒေသရှိ အပူပိုင်းသီးနှံဆိုင်ရာ မြေဆီလွှာစီမံခန့်ခွဲမှု တို့ကို ဇီဝနည်းပညာသုတေသနဦးစီးဌာန၊ အပင် နှင့် စိုက်ပျိုးရေးဆိုင်ရာဇီဝနည်းပညာသုတေသနဌာန (ညွှန်ကြားရေးမှူး၊ တာဝန်ခံ) ဒေါက်တာမြတ်မင်းမှ PowerPoint ဖြင့် ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပြီး ဇီဝနည်းပညာသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်(တာဝန်ခံ) ဆရာမကြီး ဒေါက်တာ အေးအေးခိုင် မှ နိဂုံးချုပ်စကား ပြောကြားခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်းအတွင်းဝန်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ၊ မဲခေါင်–လန်ချန်းအဖွဲ့ဝင်နိုင်ငံများမှ ဖိတ်ကြားထားသော သုတေသနပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။