မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ကျောက်ဆည်မြို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဇီဝနည်းပညာသုတေသနဦးစီးဌာန ဘက်စုံသုံးခန်းမ၌ ဖွင့်လှစ်ခဲ့သည့် အခြေခံအပင်တစ်သျှူးမျိုးပွားနည်း (၂/၂၀၂၄)သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန် ၂၁ရက် မွန်းလွဲ ၁ နာရီက အဆိုပါ ဇီဝနည်းပညာ သုတေသနဦးစီးဌာနတွင် ကျင်းပသည်။

            ရှေးဦးစွာ ကျောက်ဆည်မြို့ ဇီဝနည်းပညာသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် (တာဝန်ခံ)ဒေါက်တာအေးအေးခိုင်က သင်တန်းသား၊သင်တန်းသူများအနေဖြင့် သင်တန်းတွင် သင်ကြား ပေးလိုက်သော ပညာရပ်များကို အခြေခံ၍ ရောက်ရှိရာဒေသများတွင် လေ့လာ၍ ဗဟုသုတများ ရှာဖွေသွားကြရန်နှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိပ္ပံနည်းကျ စာတမ်းပြုစုရေး သင်တန်း၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်း၊စိုက်ပျိုးရေးနည်းပညာသင်တန်းများ ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သင်တန်းဆင်း အမှာစကားများပြောကြားခဲ့ပြီး သင်တန်းဖြစ်မြောက် ရေးအတွက် ပံ့ပိုးကူညီပေးခဲ့သော မြဘုရင်နို့ချက်စက်ရုံမှ မန်နေဂျာချုပ် ဦးထွန်းလင်းအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။

            ထို့နောက် နည်းပညာတက္ကသိုလ်(ကျောက်ဆည်)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာသင်းသင်းနွဲ့၊ ကျောက်ဆည်တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာလဲ့လဲ့ထွန်းနှင့် တာဝန်ရှိသူတို့က သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး သင်တန်းသား၊သင်တန်းသူများ ကိုယ်စား သင်တန်းသားတစ်ဦးဖြစ်သည့် ရန်ကုန်တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ဒေါက်တာဇော်လွင်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်းနှင့် အခြေခံ အပင်တစ်သျှူးမျိုးပွားနည်းသင်တန်း ဖွင့်လှစ်ခြင်းအားဖြင့် လယ်ယာ စိုက်ပျိုးရေးဖွံ့ဖြိုးမှု အခန်း ကဏ္ဍတွင် အပင်တစ်သျှူးမျိုးပွားနည်းပညာဖြင့် ဒေသနှင့် လိုက်လျောညီထွေသော အပင်များကို ဗီဇတူများရရှိအောင် ပွားများနိုင်သောနည်းလမ်းများ လေ့လာသိရှိစေနိုင်သည့် အကျိုးကျေးဇူးများ ရရှိစေနိုင်မည့်ဖြစ်ကြောင်းသိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *